ရခိုင်အသင်း (စင်္ကာပူ) ခေါင်းဆောင်များ ရှောင်တခင် ဖမ်းဆီးခံရ

ယခုကဲသို့ မထင်မှတ်ဘဲ သူတို့၏နေအိမ်အသီးသီးမှ ရှောင်တခင်ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ ရခိုင်အသင်း(စင်္ကာပူ) အနေဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)/ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဟုလည်း သံသယရှိနေကြသည်။

10 Jul 2019

စင်္ကာပူတွင် ဖမ်းဆီးခံရသူများထဲမှ တချို့အားတွေ့ရစဉ်။

နေရောင်မင်း | DMG

ဇူလိုင် ၁၀၊ စစ်တွေ

ဇူလိုင်လ ၉ ရက်၊ နံနက်ပိုင်းက စင်္ကာပူနိုင်ငံရှိ ရခိုင်အသင်း(စင်္ကာပူ) Arakan Association (Singapore) ၏ ခေါင်းဆောင်များ သူတို့၏နေအိမ်အသီးသီးတွင် ဖမ်းဆီးခံရသည်။

အဆိုပါ အသင်းခေါင်းဆောင်များကို စင်္ကာပူ CID ၊ လဝကနှင့် ရဲများက ၎င်းတို့၏ နေအိမ်အသီးသီးကို ရှောင်တခင် ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

အသင်းဥက္ကဋ္ဌ ကိုဟိန်းဇော်၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုသားလေး(ခ) ရဲကျော်ထက်၊ မေကြီး(ခ)အေးမြတ်မွန်နှင့် ကိုတင်လှိုင်ဦး တို့ကို ဇူလှိုင်လ ၉ ရက်နေ့က CID မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ယင်းအပြင် ကိုအောင်မြတ်ကျော်(AA စစ်ဦးစီးချုပ်၏ညီတော်စပ်သူ)နှင့် ကိုထွန်းအေးတို့ကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ရဲနှင့်လဝကတို့မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း စင်္ကာပူရခိုင်အသိုင်းအဝိုင်းမှ သိရသည်။

“ဘာကြောင့် အခုလို ကျွန်တော်တို့ ခေါင်းဆောင်တွေရဲ့ နေအိမ်တွေကို ရှောင်တခင် ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးခေါ်ဆောင်သွားလဲ ဆိုတာကိုတော့ ကျွန်တော်တို့လည်း အခုအချိန်အထိ မသိရသေးဘူး။ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတစ်ခုမှာ အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ အခုလို ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ဥပဒေမဲ့ပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စံချိန်စံနှုန်းတွေကို ချိုးဖောက်ရာကျပါတယ်။ နောက်ထပ် ဘယ်သူတွေကို ဖမ်းဆီးမလဲဆိုတာကိုလည်း ကျွန်တော်တို့ စိုးရိမ်နေရပါတယ်” ဟု အမည်မဖော်လိုသူ အသင်းဝင်တစ်ဦးက DMG ကို ပြောသည်။

သို့သော် ၎င်းတို့ကို မည့်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို DMG မှ သီးခြားဖော်ပြနိုင်ခြင်း မရှိပေ။

ကိုအောင်မြတ်ကျော် (AA စစ်ဦးစီးချုပ်၏ ညီတော်စပ်သူ)အား တွေ့ရစဉ်။ (Photo - Aung Mrat Kyaw Facebook)
ကိုအောင်မြတ်ကျော် (AA စစ်ဦးစီးချုပ်၏ ညီတော်စပ်သူ)အား တွေ့ရစဉ်။ (Photo - Aung Mrat Kyaw Facebook)

ယခုကဲသို့ မထင်မှတ်ဘဲ သူတို့၏နေအိမ်အသီးသီးမှ ရှောင်တခင်ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ ရခိုင်အသင်း(စင်္ကာပူ) အနေဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)/ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဟုလည်း သံသယရှိနေကြသည်။

“ကျွန်တော်တို့အသင်းသားတွေက စင်္ကာပူမှာ တရားဝင်အလုပ်လုပ်နေကြတာပါ။ ကျွန်တော်တို့ ရခိုင်လူမျိုးတွေအတွက် လူမှုရေးအလုပ်တွေတော့ လုပ်တာပေါ့။ ဒါပေမဲ့ တရားဥပဒေနဲ့ မလွတ်ကင်းတာတွေကိုတော့ ကျွန်တော်တို့က ဘာတစ်ခုမှ မလုပ်ဘူး။ စင်္ကာပူအစိုးရက ချမှတ်ထားတဲ့ အလုပ်သမား စည်းမျဉ်းစည်းကမ်းတွေနဲ့ ဥပဒေ၊ နည်းဥဒေတွေကို လိုက်နာပြီး အလုပ်လုပ်နေကြတဲ့ သူတွေချည်းပဲ။ ဘာကြောင့် အခုလို ကျွန်တော်တို့ ခေါင်းဆောင်တွေကို ရုတ်တရက်ဖမ်းဆီးခေါ်သွားလဲ ဆိုတာကိုတော့ ကျွန်တော်တို့လည်း နားမလည်တော့ဘူး။ အသင်းမှ ကျန်တဲ့ခေါင်းဆောင်တွေနဲ့ အသင်းသားတွေလည်း သူတို့ရဲ့ လုံခြုံရေးအတွက် တော်တော်စိုးရိမ်နေကြပါတယ်” ဟု သူက ဆက်လက် ဆိုသည်။

တစ်ဖက်တွင်လည်း ရခိုင်အသင်း(စင်္ကာပူ)ခေါင်းဆောင်များအား မြန်မာသံရုံးမှတစ်ဆင့် ဖမ်းဆီးခိုင်းခြင်း ဖြစ်နိုင်သည်ဟု ဝေဖန်ထောက်ပြမှုများလည်း ရှိနေကြသည်။

၎င်းတို့ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး မြန်မာပြည်တွင်းရှိ ၎င်းတို့၏ မိသားစုဝင်များက ဖမ်းဆီးခံရသူများ၏ သားသမီးနှင့် ဆွေမျိုးများ၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။

ယခုလို စင်္ကာပူနိုင်ငံမှာ တရားဝင် အလုပ်လုပ်နေကြသောသူများအား အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ရှောင်တခင်ဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ စင်္ကာနိုင်ငံတွင် ပထမဆုံးအကြိမ် ဖြစ်သည်ဟုလည်း သိရသည်။

ဗီဒီယိုများ